
ဘာကြောင့် Innovation က အရေးကြီးတာလဲ?
ယခုခေတ်တွင် နည်းပညာ တိုးတက်လာတာနှင့်အမျှ ကစားပွဲစည်းမျဥ်းများလည်း ပြောင်းလဲလာပြီး ဈေးကွက်ကို ကိုင်လှုပ်နိုင်တဲ့ disruptors များလည်း industry ပေါင်းစုံ၊ ဈေးကွက်ပေါင်းစုံမှာ အများအပြားပေါ်ပေါက်လာနေပါတယ်။ ထိုကဲ့သို့ ပေါ်ပေါက်လာမှုက industry တစ်ခုမှာ ရှိတဲ့ ပုံမှန်သမားရိုးကျ စီးပွားရေးလုပ်ငန်းငယ်များအတွက် ဈေးကွက်ထဲမှ ထွက်သွားရတာတွေ၊ ဈေးကွက်ထဲမှ ထွက်သွားရလုနီးပါး ရုန်းကန်ရတာတွေ ဖြစ်လာတယ်။ လုပ်ငန်းတစ်ခုဟာ innovation မရှိရင် အဲ့လို disruptors တွေနဲ့ တွေ့ကြတဲ့အခါ မည်သို့ပင် ဝင်ငွေကောင်းနေသောလုပ်ငန်း၊ စားသုံးသူများကျေနပ်သောလုပ်ငန်းဖြစ်ပါစေ အချိန်တစ်ခုကြာသောအခါ လုံးပါးပါးသွားတတ်ကြတယ်။
Classic example တစ်ခုပေးရရင် US မှာ ရှိခဲ့တဲ့ Blockbuster ဆိုတဲ့ ဗီဒီယိုခွေအငှားဆိုင်လုပ်ငန်းဟာ Netflix ကြောင့် လုပ်ငန်းဒေဝါလီခံခဲ့ရတဲ့အထိ လုံးပါးပါးသွားခဲ့ရတယ်။ Industry နဲ့ စားသုံးသူတွေရဲ့ ရေစီးကြောင်းအရွေ့ကို လိုက်လံပြောင်းလဲဖို့ နောက်ကျခဲ့တဲ့အခါ လုပ်ငန်းဆုံးရှုံးသွားသည်အထိ ဖြစ်ခဲ့ရတယ်။ Blockbuster ကို David Cook မှ ၁၉၈၅ ခုနှစ် Dallas, Texas မှာ စတင်ခဲ့တာပါ။ ၁၉၈၇ ခုနှစ်အရောက်မှာတော့ Blockbuster ဟာ ရင်းနှီးမြုပ်နှံမှု ရခဲ့ပြီး ၁၉၈၈ ခုနှစ်မှာတော့ US မှာ Blockbuster ဗီဒီယိုအငှားဆိုင်ပေါင်း ၈၀၀ အထိ ရှိခဲ့ပြီး Industry တစ်ခုလုံးကို ဦးဆောင်ခဲ့တာပါ။ ၁၉၉၄ ခုနှစ်မှာ Blockbuster ကို Viacom မှ ၈.၄ ဘီလီယံဒေါ်လာဖြင့် ဝယ်ယူခဲ့ပြီး IPO (Initial Public Offering) တက်ခဲ့ပါတယ်။ ထိုစဥ်က Blockbuster ဆိုင်ပေါင်းက ၆,၀၀၀ အထိ ရှိခဲ့ပါတယ်။ ၂၀၀၄ ခုနှစ် အရောက်မှာတော့ တစ်ကမ္ဘာလုံးတွင် ဆိုင်ပေါင်း ၉,၀၀၀ အထိရှိခဲ့ပြီး ၎င်း၏ ဝင်ငွေဟာ ၅.၉ ဘီလီယံဒေါ်လာအထိ ထိပ်ဆုံးကိုရောက်ခဲ့ပါတယ်။ စာရေးသူအနေဖြင့် ဒီအချက်အလက်တွေကို ဘာကြောင့် ရေးသားဖော်ပြသလဲဆိုရင် Blockbuster ဟာ ဘယ်လောက်အရွယ်အစားကြီးမားပြီး ဘယ်လောက်ငွေကြေးတောင့်တင်းသလဲဆိုတာကို စာဖတ်သူများအနေဖြင့် မြင်စေချင်လို့ဖြစ်ပါတယ်။ ဒီလောက် ထုထည်ကြီးမားပြီး အခြေခိုင်မာတဲ့ လုပ်ငန်းကြီးတောင်မှ တကယ် ဈေးကွက်ကိုင်လှုပ်နိုင်သူနဲ့တွေ့တဲ့အခါ လုံးပါးပါးခဲ့ရတယ်။ ဒီနေရာမှာ Blockbuster ဈေးကွက်ထဲမှာ သေသွားရတာဟာ ဆုံးဖြတ်ချက်အမှားများစုပြီး ဖြစ်လာတဲ့အကျိုးဆက်တစ်ခုဖြစ်သလို Innovation ကိုလည်း ဆက်လက်ပြီး လုပ်ဆောင်ခဲ့ခြင်းမရှိ သို့မဟုတ် Innovation ကို အယုံအကြည်နည်းခဲ့ခြင်းကြောင့်သာ ယခုလို လုပ်ငန်းဟာ နေမဝင်သင့်ပဲ ဝင်ခဲ့ရခြင်းဖြစ်ပါတယ်။
အဲ့ဒီတော့ ဒီအကြောင်းအရာကို တွေးတောကြည့်တဲ့အခါ စာရေးသူရဲ့ခေါင်းထဲကို မေးခွန်းများစွာဝင်လာတယ်။
လုပ်ငန်းငယ်တစ်ခုအနေနဲ့ဆိုရင်ရော ဒီလို ကိုင်လှုပ်ခံရတဲ့ ဈေးကွက်ထဲမှာ ဘယ်လိုဆက်လက်ရှင်သန်မလဲ?
Innovation က အဓိကသော့ချက်ဆိုရင် လုပ်ငန်းငယ်တွေအနေနဲ့ရော innovative ဖြစ်လို့ရလား?
လုပ်ငန်းကို innovate လုပ်ဖို့အတွက် ဘာတွေလုပ်ရမလဲ?
အမှန်တကယ်တော့ လုပ်ငန်းငယ်များအနေနဲ့လည်း ကိုယ့်ရဲ့ industry မှာ ကိုင်လှုပ်ခံရတဲ့အခါ ဆက်လက်ရှင်သန်ရန်၊ ဆက်ပြီး industry နှင့် ပတ်သတ်ဆက်နွယ်နေရန်အတွက် ကိုယ့်လုပ်ငန်းကို ပြင်ဆင်နိုင်တဲ့ အခွင့်အရေး သို့မဟုတ် အရွေ့တစ်ခုနဲ့ လိုက်လံ စီးမြောနိုင်တဲ့ အခြေအနေ၊ အခွင့်အရေးတွေရှိပါတယ်။ အဲ့လိုအခွင့်အရေးတွေကို ပထမအချက်က မြင်တတ်ဖို့နဲ့ ဒုတိယအနေနဲ့က ကောင်းကောင်းအသုံးချဖို့ လိုပါတယ်။
နည်းပညာကို လက်ခံကျင့်သုံးပါ။
နည်းပညာရဲ့ တိုးတက်မှုအရှိန်အဟုန်ဟာ ၂၀၀၀ ခုနှစ်တွေထက် အဆပေါင်းများစွာ ကြီးမား မြန်ဆန်ပါတယ်။ ကိုဗစ်၏ ရိုက်ခတ်မှုကြောင့်လည်း နည်းပညာသည် ထုတ်လုပ်သည့်အပိုင်းရော သုံးစွဲသည့်အပိုင်းမှာပါ ပို၍ပင် အရှိန်အဟုန်မြင့်လာသည်ဟု ယူဆနိုင်သည်။ ၎င်းနည်းပညာတိုးတက်မှုနဲ့အတူ ယှဥ်တွဲပါလာတာကတော့ လုပ်ငန်းတွေအနေနဲ့ နည်းပညာကို လွယ်လင့်တကူ ပိုမိုအသုံးပြုလာနိုင်တယ်၊ လူသားအရင်းအမြစ်ရှားပါးလျှင်တောင်မှ ကိုယ့်လုပ်ငန်းမှာ နည်းပညာ အကူအညီကို ကိုယ့်ဘာသာကိုယ်ယူလာနိုင်တဲ့ အနေအထားအထိ ဖြစ်လာတယ်။ ကိုယ့်လုပ်ငန်းရဲ့ လုပ်ငန်းစဥ်တွေမြန်ဆန်အောင်၊ ဖောက်သည်များ ပိုမို ဆွဲဆောင်နိုင်အောင် သို့မဟုတ် Productivity တက်အောင် ပံ့ပိုးပေးသည့် platforms များ အက်ပ်ပလီကေးရှင်းများ အများအပြားရှိနေပါပြီ။ ဥပမာ သာမာန်ရပ်ကွက်တွင်း ဆေးခန်းများအနေဖြင့် Zoom – ဗီဒီယို conferencing အက်ပ် နှင့် Calendly အချိန်booking တင်သော အက်ပ်တို့ပေါင်းစပ်၍ အွန်လိုင်းမှနေတစ်ဆင့် teleconsultation ပြုလုပ်နိုင်ပြီး သောက်ရန်ဆေးများကိုလည်း ကိုယ့်ရပ်ကွက်အတွင်းရှိ logistics သမားအဖြစ် ဆိုက်ကားဆရာများကို အသုံးပြုကာ ဆေးများကို ပေးပို့နိုင်ပြီး ငွေပေးချေမှုကို KPay သို့မဟုတ် WavePay ဖြင့် လက်ခံနိုင်သည်။ စာရေးသူဖော်ပြပေးသော ဥပမာသည် ငွေကြေးရင်းနှီးမှု တစ်စုံတစ်ရာ ကြီးကြီးမားမားမရှိပဲ အခမဲ့ အသုံးပြု၍ရသော နည်းပညာများကို အသုံးပြုကာ မိမိ ဖောက်သည်များကို ဝန်ဆောင်မှု ပိုမိုပေးဆောင်နိုင်သည့် ဥပမာတစ်ခုဖြစ်သည်။ ထိုကဲ့သို့ နည်းပညာပေါင်းစပ်အသုံးပြုပြီး ဖောက်သည်များကို ဝန်ဆောင်မှုပုံစံအသစ်တစ်ခု ပေးစွမ်းလိုက်ခြင်းသည် သင်၏ ဆေးခန်းငယ်လေးအား အဆင့်တစ်ခုအထိ digital transformation ပြုလုပ်လိုက်ခြင်းပင်ဖြစ်သည်။ ရှေးတုန်းကလို နည်းပညာသည် ပဟေဠိ တစ်ခုမဟုတ်တော့ပါ။
Risk ယူပါ။
လူတစ်ယောက်အနေဖြင့် တိုးတက်ရန်အတွက် မိမိကိုယ်ကို အစဥ်အမြဲသုံးသပ်နေပြီး ပြင်ဆင်မွမ်းမံနေမှ comfort zone ထဲမှ ထွက်နိုင်ပြီး ပိုမိုတိုးတက်နိုင်သကဲ့သို့ပင် လုပ်ငန်းများအနေဖြင့်လည်း ဆက်လက်ရပ်တည်ရှင်သန်ရန်၊ လုပ်ငန်းပိုမိုတိုးတက်ရန်၊ ဝင်ငွေရလမ်းကြောင်းများ ပိုမိုတိုးလာစေရန် မိမိလုပ်ငန်းကို မိမိ ကိုယ်တိုင် သုံးသပ်နေပြီး မိမိကိုယ်ကို ကိုင်လှုပ်မှပင် ရမည့်အနေအထားဖြစ်သည်။ ရှင်သန်ရေး၊ ကြီးထွားရေးအတွက် အဆက်မပြတ် risk ယူပြီး innovate လုပ်နေရန် လိုအပ်သည်။ ထိုကဲ့သို့ မပြုလုပ်ပါက ထို risk ကို ယူရဲသောသူမှ ယူပြီး မိမိ industry အား ကိုင်လှုပ်သောအခါမှ ဆိုလျှင် အထက်တွင် ဖော်ပြခဲ့သော Blockbuster ကဲ့သို့ သင့်လုပ်ငန်းသည်လည်း အခက်အခဲ အကြပ်အတည်း ကြုံပြီး လုံးပါးပါးတတ်သည်။ မိမိကိုယ်ကို ပြန်မေးပါ – ရှင်သန်မလား? အသေခံမလား?
မှန်ကန်သည့် စိတ်အတွေးအမြင်ကို ကျင့်သုံးရမည်။
စာရေးသူအနေဖြင့် innovate လုပ်ရန်အတွက် ရေးသားဖော်ပြရာတွင် နည်းပညာနှင့် သက်ဆိုင်သော အသုံးပြုပုံပြုနည်းများကို အသေးစိတ် မဖော်ပြထားသည်ကို ဖတ်ရှုတွေ့မြင်နိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် innovate လုပ်ရမှာသည် “လူ”မှ လုပ်ရမှာဖြစ်သည်။ နည်းပညာသည် ထိုကဲ့သို့ ပြုလုပ်မည့်လုပ်ငန်းစဥ်အား ပိုမိုလွယ်ကူလျှင်မြန်အောင်သာအကူအညီပေးသည့် အရေးပါသော်လည်း အရေးမကြီးသောအပိုင်းဖြစ်သည်။ Merriam-Webster တွင် ဖော်ပြထားသော Innovate ၏ အဓိပ္ပာယ်မှာ “to make changes: do something in a new way” ဖြစ်သည်။ ဆိုလိုသည်မှာ အပြောင်းအလဲများကို ပြုလုပ်ခြင်း၊ တစ်စုံတစ်ခုအား နည်းလမ်းအသစ်တစ်ခုဖြင့် ပြုလုပ်ခြင်းဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ စာဖတ်သူအနေဖြင့် နားလည်သဘောပေါက်ရန်မှာ innovate ပြုလုပ်ရန်အတွက် သင့်အနေဖြင့် အပြောင်းအလဲကိုလည်း လက်ခံနိုင်ပြီး ၎င်းအပြောင်းအလဲအား မိမိ၏ အားသားချက်အဖြစ် အသုံးချတတ်ရန်လိုအပ်သည်။ မည်ကဲ့သို့ပင် မိုးကျော်နေသော နည်းပညာသုံးမည်ဟု စဥ်းစားစဥ်းစား မှန်ကန်သော သဘောထား၊ မှန်ကန်သော စိတ်အတွေးအမြင်မရှိလျှင် အောင်မြင်နိုင်မည်မဟုတ်ပါ၊ innovate လုပ်နိုင်မည်မဟုတ်ပါ။
ထို့ကြောင့် လုပ်ငန်းငယ်များအနေဖြင့် ကိုင်လှုပ်မှုများသော၊ ယှဥ်ပြိုင်မှုများသောပတ်ဝန်းကျင်တွင် ဆက်လက်ရှင်သန်နိုင်ရန် အထက်တွင် ဖော်ပြထားသည့်အတိုင်း နည်းပညာများကို လက်ခံကျင့်သုံးပြီး innovate လုပ်ပါ၊ ထိုသို့ innovate လုပ်ရာတွင်လည်း အပြောင်းအလဲတစ်ပါတည်းတွဲလျက်ပါလာမည်ဖြစ်သည့်အတွက် ၎င်းအား မှန်ကန်သော အတွေးအမြင်ဖြင့် လက်ခံပြီး risk ကိုလည်း ရဲရဲယူကြရမည်ဖြစ်သည်။
Digital Transformation vs Digital Innovation
စာဖတ်သူအနေဖြင့် မိမိလုပ်ငန်းကို innovate လုပ်ရန် နားလည်သွားပြီဟု ယူဆပါသည်။ ဆောင်းပါး၏ ယခုအပိုင်းသည် သင့်တွင် ရှိနိုင်သည့် “ Innovation လား? Transformation လား?” ဆိုတဲ့မေးခွန်းကို ဖြေရှင်းပေးသွားမှာပါ။
Innovation နဲ့ Transformation ဆိုတဲ့ စကားလုံးများဟာ နည်းပညာအသိုင်းအဝိုင်းနဲ့ စီးပွားရေးအသိုင်းအဝိုင်းများကြားထဲတွင် ရေပန်းစားလာတဲ့ ဝေါဟာရများဖြစ်ပါတယ်။ သို့သော် လုပ်ငန်းရှင်များအနေဖြင့် ဘယ်တစ်ခုကို လုပ်ဆောင်ရမလဲဆိုတဲ့အပေါ်မှာ ဒွိဟများတတ်ပါတယ်။ ၎င်းတို့ရဲ့ Merriam-Webster dictionary ထဲမှာ ပါတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်များကို တစ်ချက်ကြည့်ကြည့်ရအောင်!
Transformation – “the act or process of changing in composition, structure, character or condition.”
Innovation – “the introduction of something new.”
ထို အဓိပ္ပာယ်ဖွင့်ဆိုချက်များကို ကြည့်ခြင်းအားဖြင့် Transformation ပြုလုပ်သည်ဆိုသည်မှာ တစ်စုံတစ်ခုအား အကောင်းဆုံးအခြေအနေ၊ အဆင့်တစ်ခုအထိ ဖြစ်အောင် ပြုလုပ်ခြင်းပင်ဖြစ်သည်။ အထက်တွင် ဖော်ပြထားသော ဥပမာအား ပြန်ကောက်ရလျှင် Zoom နှင့် Calendly အသုံးပြု၍ လူနာကြည့်ရှုမှုအား ပိုမိုကောင်းမွန်သောဝန်ဆောင်မှုတစ်ခုအဖြစ်ပြောင်းလဲလိုက်ခြင်းအား Transformation ပြုလုပ်သည်ဟု မှတ်ယူရမည်ဖြစ်သည်။ လုံးဝ အတွေ့အကြုံအသစ်တစ်ခု၊ reality အသစ်တစ်ခုအား မိတ်ဆက်လိုက်ခြင်းမဟုတ်သည့်အတွက် innovation ဟု မှတ်ယူ၍ မရပါ။ သို့သော် မြန်မာနိုင်ငံကဲ့သို့ အခင်းအကျင်းတွင်မူ telemedicine သည် အတွေ့အကြုံအသစ်တစ်ခုအဖြစ်ရှိနေနိုင်သည့်အတွက် innovation ဟုလည်း ငြင်းခုန်စရာအကြောင်းရှိသည်။ ထို့ကြောင့် Digital Transformation ပြုလုပ်လိုက်ခြင်းအားဖြင့် innovation သို့ ဦးတည်နေသည်ဆိုသည့် အကြောင်းအရာကိုတော့ ငြင်းခုန်နိုင်မည်မဟုတ်ပါ။ မိမိလုပ်ငန်း၏ လည်ပတ်မှုပုံစံ၊ ဖွဲ့စည်းပုံ၊ စားသုံးသူများနှင့် ထိတွေ့မှု၊ ဝန်ဆောင်မှုပေးသည့်ပုံစံ တို့အား ဒီဂျစ်တယ်နည်းပညာများအသုံးပြုပြီး တိုးတက်အောင် Digital Transformation ပြုလုပ်ရင်း တစ်ခါမျှ မရှိဖူးသေးသော ပုံစံအသစ်၊ innovation များကိုလည်း သင်ရှာတွေ့နိုင်သည်။
Digital Transformation နှင့် Digital Innovation တို့မှာ ခပ်ဆင်ဆင်တူကြသော်လည်း အနှစ်သာရအရ ကွဲပြားသည်။ Transformation သည် လုပ်ငန်းစဥ်တစ်ခုဖြစ်ပြီး ထိုလုပ်ငန်းစဥ်သည် innovation ကို အားပေးရန်အတွက် စဥ်ဆက်မပြတ် ဖြစ်နေရမည့် လုပ်ငန်းစဥ်ဖြစ်သည်။ ဥပမာ Zoom နှင့် Calendly အသုံးပြု၍ teleconsultation ပေးနေသည့် ခုနက ဆေးခန်းငယ်သည် ထိုကဲ့သို့ Digital Transformation ပြုလုပ်ပြီးချိန်တွင် ထိုနေရာ၌ ရပ်နေ၍မရပါ။ ထိုကဲ့သို့ မိမိလုပ်ငန်းအတွက် အသစ်ဖြစ်သွားပြီး၊ အသွင်ပြောင်းပြီးသွားပြီး ပုံသေကားချပ်များဖြစ်သွားသည့်အခါ ထိုပုံသေကားချပ်များကို စိန်ခေါ်ကာ တစ်ဖန်ပြန်၍ ပြန်လည်တွေးသင့်သည်၊ ပြန်လည်မြင်ယောင်မှန်းဆကြည့်သင့်သည်။ ထိုမှတစ်ဆင့် ထွက်လာသော စိတ်ကူးစိတ်သန်းအသစ်သည် innovation ဖြစ်ပြီး transformation တစ်ခါထပ်မံလုပ်ခြင်းဖြင့် ၎င်း innovation ကို အကောင်အထည်ဖော်ရမည်ဖြစ်သည်။ တစ်ခါတစ်ရံတွင်လည်း စိတ်ကူးစိတ်သန်း (သို့) အကြံဉာဏ်အသစ်တစ်ခု(innovation)ကို ပြုလုပ်ရန်အတွက်လည်း မိမိလုပ်ငန်းအား digital transformation ပြုလုပ်ရန်လိုအပ်လာသည့် အခြေအနေလည်း ဖြစ်တတ်သည်။
ထို့ကြောင့် စာရေးသူအနေဖြင့်ကတော့ Digital Transformation ပြုလုပ်ရန် လုပ်ငန်းရှင်များကို အကြံဉာဏ်ပြုလိုသည်၊ အားပေးလိုသည်။ ထိုမှ တစ်ဆင့် မိမိ၏ လုပ်ငန်းမည်မျှပင်သေးငယ်စေကာမူ မိမိသည် ထို industry တွင် ကျင်လည်သောကာလ အခြားသူများထက်ပိုမိုကြာရှည်နေပြီဖြစ်သောကြောင့် သင့်တွင် တန်ဖိုးဖြတ်မရသည့် domain insights များ၊ အဆက်အသွယ်များ ရှိနေပြီး မိမိ၏ ဖောက်သည်များကို နည်းလမ်းအသစ်များဖြင့် ဝန်ဆောင်မှုပေး၍ innovate လုပ်နိုင်သည်ကို နားလည်စေလိုပါသည်။